ကြက်သားအရသာ ခေါက်ဆွဲပြုတ်

0
56

ခေါက်ဆွဲပြုတ် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ အိမ်လုပ် ကြက်သား ခေါက်ဆွဲပြုတ် ချက်ပြုတ်ပြင်ဆင်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

ခေါက်ဆွဲခြောက် ၄ အောင်စ (နှစ်ယောက်စာ)
ကြက်ရင်အုံသား ၁ တုံး (ပြုတ်ထားပြီးနောက် ပါးပါးလှီးထားပါ။ သို့မဟုတ် အသားနွှင်ထားပါ)
ငရုတ်သီးတောင့် ၁ တောင့် (ပါးပါးလှီးပါ)
ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးပါ)နှင့် နံနံပင် အနည်းငယ်
ကြက်ပြုတ်ရည် ပန်းကန်လုံး ၃ ခွက်စာ (စားပွဲတင်ဇွန်း ၄၈ ဇွန်း)နှင့် ရေ စားပွဲတင်ဇွန်း ၈ ဇွန်း

ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
ကြက်သွန်ဖြူ ၃ မြွှာ (ဓားပြားရိုက်ထားပါ)နှင့် လက်မဝက်ပတ်လည် ဂျင်းတုံး တစ်တုံး (ပါးပါးလှီးပြီးနောက် ဓားပြားရိုက်ထားပါ)
ငါးငံပြာရည် (သို့) ပဲငံပြာရည် လက်ဖက်ရည်ဇွန်းတစ်ဝက်
နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် ငရုတ်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
ဆား အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်
၁။ ခေါက်ဆွဲခြောက်များကို ခေါက်ဆွဲထုပ်ပေါ်ရှိ အညွှန်းအတိုင်း မိနစ်အနည်းငယ်ကြာ ပြုတ်ပြီးနောက်မှာ ခေါက်ဆွဲပြုတ်သုံးဆောင်မယ့် ပန်းကန်လုံးများထဲသို့ ခွဲထည့်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီးနောက် ဟင်းသီးဟင်းရွက်ဆီ ထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူ၊ ဂျင်းနှင့် ကြက်သွန်မြိတ် (ဖြူသောအစိတ်အပိုင်း)တို့ထည့်ကာ ဆီသတ်ပါ။

ကြက်သွန်ဖြူက ရွှေညိုရောင် ပြောင်းသွားပါက ကြက်ပြုတ်ရည်၊ ရေနှင့် ငါးငံပြာရည်တို့ထည့်ကာ ဆူပွက်လာသည်အထိ တည်ပါ။

ဟင်းရည်ဆူပွက်လာပြီဆိုတာနဲ့ ကြက်သားများ ထည့်ကာ မီးပိတ်ထားလိုက်လို့ရပါပြီ။

၃။ ထို့နောက် ကြက်သွန်ဖြူ၊ ဂျင်းနှင့် ကြက်သွန်မြိတ်တို့ကို ဟင်းရည်ထဲမှ ဖယ်ရှားလိုက်ပါ။ ဟင်းရည်ကို အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက်မှာ လိုအပ်ပါက ဆားအနည်းငယ် ထပ်ထည့်နိုင်ပါတယ်။

အားလုံးပြီးပြည့်စုံသွားတဲ့အခါမှာတော့ ဟင်းရည်များကို ခေါက်ဆွဲပန်းကန်လုံးထဲထည့်လိုက်ပါ။ ကြက်သားဖတ်များကိုတော့ ခေါက်ဆွဲပေါ်တင်ထားလိုက်ပါ။

နှမ်းဆီနှင့် ငရုတ်ဆီများကို အပေါ်ကနေ ဆမ်းထည့်လိုက်ပါ။ နံနံပင်၊ ငရုတ်သီးစိမ်းနှင့် ကြက်သွန်မြိတ်အစိမ်းများထည့်ကာ အလှဆင်ထားလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်သားအရသာခေါက်ဆွဲပြုတ်လေး ရရှိသွားပါပြီ။

LEAVE A REPLY

Please enter your comment!
Please enter your name here