ရင်ကျပ်ချောင်းဆိုးနေချိန်မှာ ချွဲကျပ်တာ ကြောင့် ခံစားရ မခက်စေဖို့ဆိုရင် ဒါလေးတွေ စားသုံးပေးလို့ ရပါတယ်။
ချင်း [ဂျင်း]
ချင်း [ဂျင်း] မှာ ကိုယ်တွင်းက ချွဲတွေကို ဖယ်ရှားပေးနိုင်သလို ဂျင်းမှာ ပါဝင်နေတဲ့ အင်ဇိုင်းတစ်မျိုးကလည်း ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ အရောင်ကျစေနိုင်ပြီး အအေးမိဖျားနာတာနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ ရေနွေးဆူဆူထဲထည့်ပြီး သောက်ပေးလို့ ရသလို သတ္တုရည်ကို သောက်ပေးလို့လည်း ရပါတယ်။ ဂျင်းချဉ်ကို သုပ်ပြီး စားပေးလို့လည်း ရပါတယ်။

အစိမ်းရောင် ဟင်းသီးဟင်းရွက်
အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင် A၊ C၊ E နဲ့ B တို့ ပါဝင်နေသလို ပိုတက်ဆီယမ်တို့ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ထဲက ချွဲသလိပ်တွေနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ကလိုရိုဖီး ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေပြီး သွေးသန့်စေဖို့ ထောက်ကူပေးပါတယ်။ ချွဲကျပ်တာ ကာကွယ်ဖို့ ဟင်းနုနွယ်၊ ကိုက်လန်၊ မုန်ညှင်းစိမ်းစတာတွေကို တစ်ပတ်ကို တစ်ကြိမ်လောက် အနည်းဆုံး စားပေးပါ။
သခွားသီး
သခွားသီးက ရေဓာတ်ကြွယ်ဝသလို ပိုတက်ဆီယမ် နဲ့ ဗီတာမင် C လည်းကြွယ်ဝတာကြောင့် ကိုယ်တွင်းက ချွဲတွေနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဗီတာမင် C က ကိုယ်ခံအားကောင်းစေပြီး အစာခြေစနစ်ကိုလည်း အာဟာရတွေ ပြည့်ပြည့်ဝဝ စုပ်ယူနိုင်စေဖို့ ထောက်ကူပေးပါတယ်။ တို့စားလို့ရသလို သုပ်စားပေးတာကလည်း အဆင်ပြေပါတယ်။
ပန်းသီး
ပန်းသီးမှာ ဗီတာမင် C နဲ့ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်တို့ ပါဝင်နေတာကလည်း ချွဲပျော်စေဖို့ ထောက်ကူပေးပါတယ်။ အသီးကို ဒီအတိုင်း စားပေးလို့ ရသလို ဖျော်ရည်လုပ်ပြီး သောက်ပေးလို့လည်း ရပါတယ်။
ပန်းဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီစိမ်းမှာ အဆိပ်အတောက်တွေကို ဖြိုခွဲပေးနိုင်တဲ့ အင်ဇိုင်းတွေ ပါဝင်နေပါတယ်။ ဗီတာမင် C နဲ့ အမျှင်ဓာတ် ပါဝင်နေတာက ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ချွဲပျော်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။
မုန်လာဥနီ
မုန်လာဥနီမှာ ဗီတာမင် C၊ ပိုတက်ဆီယမ်၊ အမျှင်ဓာတ် နဲ့ ဗီတာမင် A တို့ ကြွယ်ဝစွာပါဝင်နေပါတယ်။ မုန်လာဥနီ စားသုံးပေးတာက ချွဲပျော်စေပြီး ကိုယ်ခံအားကောင်းပြီး ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။