စရိတ်သက်သာ ရိက္ခာ စုနည်း

0
51

စျေးစာရင်းလုပ်ပါ။

သဘာဝဘေးအန္တရာယ်အကြောင်း ပြင်ဆင်ဖို့ ပြောတဲ့အခါ လန့်မသွားပါနဲ့။ အိမ်မှာ တကယ်လိုအပ်မယ့် စားသောက်ကုန် စာရင်းကို အရင်လုပ်ပါ။ ဘာပစ္စည်းတွေက မရှိမဖြစ်လိုလဲ။ ဘဘယ်နှပတ်စာ စုမှာလဲ။ အိမ်မှာ လူဘယ်နှယောက်ရှိလဲဆိုတာ သေချာတွက်ပါ။ စျေးရောက်ခါမှ သူများဝယ်တာ အကုန်လိုက်ဝယ်ရင် ငွေကုန်ကြေးကျများပါလိမ့်မယ်။

စူပါမားကတ်တွေထက် ရပ်ကွက်စျေးကို ပိုအားပေးပါ။ ပစ္စည်းချင်းတူရင်တောင် စျေးအနည်းငယ်ကွာပါတယ်။

ဒစ်စကောင့် သတိပြု

ဒစ်စကောင့်ရတာ ကောင်းပါတယ်။ ဒါပေမယ့် ဒစ်စကောင့်နောက် လိုက်ပြီး ကိုယ်မလိုတဲ့ ပစ္စည်းတွေကို မဝယ်ပါနဲ့။ အထူးသဖြင့် အထားမခံတဲ့ စားစရာတွေ၊ ရက်လွန်ဒိတ်နီးနေတာတွေကို ဝယ်မလာပါနဲ့။

စျေးသက်သာတာနဲ့ အစားထိုးပါ။

ဒီလို အများကြီး ဝယ်ရတဲ့အချိန်၊ ဘယ်တော့မှ ပြီးမလဲ မသေချာတဲ့ သဘာဝဘေးနဲ့ ကြုံရချိန်မှာ စားနေကျစားစရာတွေကို စျေးသက်သာတာတွေနဲ့ အစားထိုးပါ။ စားစရာထက် အာဟာရကို ဦးစားပေးပါ။

ဥပမာ ကာဘိုဟိုက်ဒရိတ်ဓာတ်ကို ဒီကလူတွေက ဆန်ကနေ အဓိကရပါတယ်။ ခုလိုအချိန်မှာ အရင်လို ဆန်ကောင်း ဆန်ချောမှ မဟုတ်ဘဲ စားနေကြထက် တစ်ဆင့်နိမ့်တာမျိုး၊ စျေးပိုသက်သာတာမျိုး ရွေးဝယ်ပါ။ ဗိုက်ပြည့်ဖို့ ထမင်းကို လျှော့ပြီး အာလူးဟင်းနဲ့ စားတာမျိုးလည်း ရပါတယ်။ ဒါလည်း ကာဘိုဟိုက်ဒရိတ်ပါပဲ။

အသားဓာတ်ရဖို့ဆိုရင်လည်း ကြက်သား၊ ဝက်သားမှ မဟုတ်ဘဲ ပဲ၊ ကြက်ဥ စတာတွေကို အစားထိုး စားပေးပါ။ မီးပျက်သွားရင် အသားတွေက ကြာကြာမခံတဲ့အတွက် ဒီလို အစားထိုးစားတာက ပိုကောင်းပါတယ်။ အသားစားမယ်ဆိုရင်လည်း မိုးခိုသားရယ်လို့ မဟုတ်ဘဲ စျေးအနည်းငယ် သက်သာတာ၊ အရိုးပြုတ်ရည် စတာတွေ အစားထိုးနိုင်ပါသေးတယ်။

အသီးအရွက်ဆိုရင်လည်း ကြာကြာခံအောင် စိမ်းတာလေးတွေ ဝယ်ထားပါ။ အနည်းဆုံး ရက်ပိုင်းလောက်တော့ ခံမှာပါ။ ပုပ်မသွား၊ ရိမသွားအောင် သေချာသိမ်းဆည်းပါ။ အိမ်မှာ အချဉ်ဖောက်တာ၊ သနပ်ချဉ်တည်တာလည်း လုပ်လို့ရပါတယ်။

အသင့်စား အစားအစာတွေကို အများကြီး မဝယ်ပါနဲ့။

စားစရာဝယ်စုဆို အိမ်ကို ရောက်လာတာ ခေါက်ဆွဲခြောက်ထုပ်တွေပါပဲ။ ဒီလို အသင့်စားအစာတွေက အာဟာရတန်ဖိုး မယ်မယ်ရရ မရှိပါဘူး။ ရေရှည်စားဖို့လည်း မသင့်တော်ပါဘူး။ ဒါတွေ ဝယ်မယ့်အစား ခုနကပြောတဲ့ ပဲလို၊ ကြက်ဥလို၊ ငါးခြောက် (အငန်ပေါ့) ကို ပိုဝယ်တာက အလုပ်ဖြစ်ပါတယ်။

ဟင်းခတ်အမွှေးအကြိုင်တွေကို အလွန်အကျွံ မဝယ်ပါနဲ့။

ခရုဆီကတစ်မျိုး၊ ပဲငံပြာရည်ဆိုရင် အကြည်က တစ်မျိုး၊ အနောက်က တစ်ဖုံ၊ ကြက်သားမှုန့်ရော၊ အချိုမှုန့်ရော ဒီလိုတွေ ဝယ်မနေပါနဲ့။ အရေးပေါ်ကာလမှာ တတ်နိုင်သလောက် ရိုးရိုးရှင်းရှင်းသာ ချက်စားပါ။ ဒါကို လျှော့လိုက်ရင် ပိုက်ဆံတွေ ပိုထွက်လာပါလိမ့်မယ်။

ထမင်းဟင်းတွေ အလေအလွင့် မဖြစ်ပါစေနဲ့။ 

အိမ်မှာ ရှိတဲ့ လူနဲ့ တိုင်းပြီး အတိအကျ ဒါမှမဟုတ် အနည်းငယ်လျှော့ချက်ပါ။ ဟင်းဆိုလည်း အများကြီး မချက်ပါနဲ့။ ကြက်သားနဲ့ ဘူးသီး၊ ပဲကုလားဟင်း ဒီလို အစုံပါတဲ့ တစ်ခွက်ကောင်းဟင်းတွေကို ချက်ပါ။ ဒီလိုအချိန်မှာ အလေအလွင့်ဖြစ်တာက နှမြောဖို့ ကောင်းပါတယ်။ ဟင်းပိုတဲ့အခါ သေချာသိမ်းဆည်းပြီး နောက်နေ့မှာ ပူပူလောလော ပြန်နွှေးစားပါ။

ပစ္စည်းစာရင်းကို ပုံမှန်စစ်ပါ။

ပစ္စည်းတွေ ဝယ်စုပြီးသွားရင်လည်း ပစ္စည်းတွေကို နေ့တိုင်း စစ်ဖို့ လိုပါတယ်။ အာလူးက ပုပ်တော့မှာလား၊ အရွက်က နွမ်းနေပြီလား။ ဒိတ်နီးနေတဲ့ စားစရာတွေက ဘာတွေလဲ။ ဒါတွေကို စစ်ပြီး ဦးစားပေးစားပါ။ ဒါဆို ပုပ်လို့ မှိုတက်လို့ လွှင့်ပစ်ရတာတွေလည်း နည်းသွားမှာပါ။

အိမ်နောက်ဖေး စျေးဆိုင်တည်ပါ။

အသီးအရွက်တွေက ကြာရှည်မခံတဲ့အတွက် အိမ်မှာ ဝယ်လှောင်ထားဖို့ မလွယ်ပါဘူး။ ဒါပေမယ့် ဗီတာမင် ကြွယ်ဝတဲ့ စားစရာတွေ ဖြစ်တာကြောင့် နေ့တိုင်း မဟုတ်တောင် မကြာမကြာ စားနိုင်ရင် ပိုကောင်းပါတယ်။ ဒါကြောင့် မြေလွတ်ရှိမယ်ဆိုရင် အနားမှာ စိုက်ရလွယ်တဲ့ အသီးအနှံလေးတွေ စိုက်ထားပေးပါ။ အကြီးမြန် အပွားမြန်တာလေးတွေဆို ခဏလေးနဲ့ စားလို့ရပါတယ်။

ရိက္ခာစုတဲ့ဘက်မှာ စရိတ်လျှော့နိုင်မယ်ဆိုရင် ပိုတဲ့ငွေကြေးကို တခြားဆေးဝါးတွေ၊ အသုံးအဆောင်ပစ္စည်းတွေ ဝယ်နိုင်မှာပါ။ စရိတ်လျှော့တယ်ဆိုပေမယ့် အာဟာရတန်ဖိုး လျှော့မသွားအောင် ဒီနည်းလမ်းတွေကို သုံးနိုင်ပါတယ်။ မလိုအပ်ဘဲ အများကြီး စုဆောင်းထားတဲ့ Panic buyingကို ရှောင်ပါ။ မရှိတဲ့သူအချင်းချင်း မျှဝေပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here