တကယ့် ကား နဲ့ တူအောင် တည်ဆောက်ထားတဲ့ လျှပ်စစ် ကားပျံ

0
51

Alef Aeronautics က ကားပျံကို စမ်းသပ်ပျံသန်းလိုက်ပြီး မြေပြင် ကနေ ဝေဟင် ၊ ဝေဟင် ကနေ မြေပြင်ကို ဒေါင်လိုက်အတက် အဆင်းလုပ်နိုင်တဲ့ VTOL အမျိုးအစား ဖြစ်ပါတယ်။ Alef Model A လို့ အမည်ပေးထားပြီး ဒီလ ၁၉ ရက်နေ့မှာ အမေရိကန်မှာ စမ်းသပ်ပျံသန်းခဲ့တာ ဖြစ်ပါတယ်။

တခြား ကားပျံတွေရဲ့ ဒီဇိုင်းဟာ လေယာဉ်နဲ့ တူပေမယ့် Alef Model A ကို တကယ့်ကားနဲ့တူအောင် တည်ဆောက်ထားတာက ထူးခြားပါတယ်။  လမ်းပေါ်မှာ မောင်းနိုင်သလို ကောင်းကင်မှာ ပျံသန်းနိုင်ပါတယ်။ ကားနဲ့ တူတဲ့အတွက် ကားပါကင်မှာလည်း ထိုးထားနိုင်ပါတယ်။ ကုမ္ပဏီက အားအပြည့်သွင်းထားရင် မိုင် ၂၀၀ မောင်းနှင်နိုင်ပြီး မိုင် ၁၁၀ ပျံသန်းနိုင်တယ်လို့ ပြောပါတယ်။ ပျံသန်းတဲ့ အခါမှာ တည်ငြိမ်အောင် ပြုလုပ်ထားပြီး Vertical နဲ့ Horizontal လှုပ်ရှားမှုကို ထိန်းချုပ်နိုင်ပါတယ်။

ကားပျံမှာ အတားအဆီးတွေကို အာရုံခံနိုင်ပြီး ရှောင်လွှဲသွားနိုင်တဲ့ စနစ်လည်း ပါပါတယ်။ ဘေးအန္တရာယ်ကြုံတဲ့အခါ လေထီးနဲ့ ဆင်းသက်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။ စမ်းသပ်တဲ့ မော်ဒယ်ကို ပျံသန်းပြီးနောက် ရောင်းချဖို့ မထုတ်လုပ်ခင်မှာ ကုမ္ပဏီဟာ Software Simulator တွေကို အသုံးပြုပြီး လေ့လာစမ်းသပ်မှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။  လက်ရှိမှာ Alef Aeronautics ရဲ့ ကားပျံဟာ အမေရိကန် FAA ရဲ့ ပျံသန်းခွင့်ရထားတဲ့ ပထမဆုံး VTOL ဖြစ်ပါတယ်။

၁၀၀ ရာခိုင်နှုန်း လျှပ်စစ် စွမ်းအင်ကို အသုံးပြုထားပြီး Tesla သို့မဟုတ် တခြား လျှပ်စစ်ကားတွေထက် ခရီးစဉ် တစ်ခုမှာ စွမ်းအင် သုံးစွဲမှု နည်းပါးအောင် ပြုလုပ်ထားတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ တခြား eVTOL တွေထက်လည်း စွမ်းအင် စားသုံးမှု နည်းပါးပါတယ်။ ကားပျံကို ဘယ်အချိန် ရောင်းမလဲ ဆိုတာ မသိရသေးပါဘူး။

LEAVE A REPLY

Please enter your comment!
Please enter your name here