တစ်နေ့တာလုံး ကိုယ်ခန္ဓာက ချွေးနံ့ကင်းပြီး သင်းပျံ့နေစေဖို့

0
48

ကျွန်တော် အခုပြောပြပေးမယ့် အချက်တွေကတော့ ချွေးနံ့ဆိုး မထွက်စေဖို့ အချိန်လည်းသိပ်မကုန်၊ အများကြီးလည်း ဂရုစိုက်စရာမလိုတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ဒီတော့ အလုပ်အရမ်းများတဲ့သူတွေ၊ ကိုယ့်ကိုယ်ကိုယ် မွှေးပျံ့နေတာ မကြိုက်တဲ့ အမျိုးသားတွေအတွက်လည်း အဆင်ပြေစေနိုင်မယ်လို့ ထင်ပါတယ်။ အဓိကက ချွေးနံ့တွေ၊ ကိုယ့်ဆီကနေ မကောင်းတဲ့ အနံ့တွေ နည်းနိုင်သမျှ နည်းအောင် ထိန်းချုပ်နိုင်ရင် ရပါတယ်။

၁။ အဝတ်အစားတွေကို အမြဲလျှော်ဖွပ်လဲပေးပါ။

အဝတ်အစားတွေဆိုတာ လူ့အရေပြားနဲ့ အမြဲထိကပ်နေတာဖြစ်လို့ ဘက်တီးရီးယားနဲ့ အနံ့အသက်တွေက ကျန်ခဲ့နိုင်ပါတယ်။ ဒီအဝတ်အစားတွေကို နောက်တစ်ကြိမ်ထပ်ပြီး ဝတ်လိုက်တဲ့အခါ နဂိုရှိပြီးသား ဘက်တီးရီးယားတွေက အရေပြားပေါ်ကို ပြန်ကပ်သွားပြီး အနံ့ဆိုးတွေ ပိုထွက်လာဖို့ ဖန်တီးလိုက်တာနဲ့ အတူတူပါပဲ။ ဒါကြောင့် အပြင်သွားပြီး ပြန်လာပြီဆိုတာနဲ့ အဝတ်တွေကို ချက်ချင်းလဲပြီး လျှော်မယ့်နေရာမှာ ထားပေးပါ။ အမြန်လျှော်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။

၂။ အတွင်းခံတွေဟာ ရောဂါပိုးပေါင်းစုံ ခိုအောင်းနေတဲ့ အဝတ်ပါပဲ။

ခန္ဓာကိုယ်မှာ ချွေးအထွက်ဆုံးနဲ့ ရောဂါပိုးအများဆုံး ရှိတဲ့ အစိတ်အပိုင်းဆိုတာ ကျွန်တော်တို့ရဲ့ လိင်အင်္ဂါပါပဲ။ ချွေးလည်း ပိုထွက်သလို အရေပြားချင်း ပွတ်တိုက်မှုလည်း များတယ်။

အတွင်းခံနဲ့လည်း အလွန်နီးကပ်စွာ ရှိနေတဲ့အခါ လိင်အင်္ဂါပေါ်က ချွေး၊ ဘက်တီးရီးယားနဲ့ အနံ့အသက်ပေါင်းစုံက အတွင်းခံမှာ ပြန်ပြီး ကပ်ပါတယ်။ ဒါကြောင့် အတွင်းခံကိုတော့ ဝတ်ပြီး အိမ်ပြန်ရောက်တာနဲ့ လဲပစ်လိုက်တာ အကောင်းဆုံးပါပဲ။ အထူးသဖြင့် ယောက်ျားလေးတွေ ဒီအချက်ကို သေချာလိုက်နာဖို့တော့ လိုမယ်နော်။

၃။ ရေချိုးရမှာ မပျင်းပါနဲ့။

ရေကို ခဏခဏ မချိုးပေးနိုင်ရင်တောင် တစ်နေ့ကို တစ်ကြိမ်လောက် ချိုးပေးသင့်ပါတယ်။ ဒီလိုချိုးပေးမှပဲ ကျွန်တော်တို့ လူ့အရေပြားပေါ်က ချွေးနဲ့ ဘက်တီးရီးယားတွေကို သန့်ရှင်းပေးနိုင်မှာပါ။

ဒီတော့ အကြောင်းအမျိုးမျိုးပြပြီး ရေချိုးပျင်းတဲ့ အကျင့်ကို ခုကတည်းက စဖျောက်ပါ။ ခဏခဏ မချိုးနိုင်ရင်တောင် အနည်းဆုံး တစ်ကြိမ်တော့ ရေချိုးပါ။

၄။ ချေးတွန်းဖို့လည်း မမေ့ပါနဲ့။

ရေချိုးတာအပြင် တစ်ပတ်ကို ၁−၂ကြိမ်လောက် ချေးတွန်းပေးဖို့လည်း လိုပါတယ်။ အရေပြားကို ရေများများလောင်းပြီး ဆပ်ပြာကို သေချာတိုက်၊ အရေပြားကို ချေးတွန်းကျောက်၊ ရေမြှုပ်၊ အဝတ် စတာတွေနဲ့ ဖြည်းဖြည်းချင်း တိုက်ချွတ်ပေးဖို့ အရေးကြီးပါတယ်။

ဒါမှပဲ အရေပြားပေါ်က ပျက်စီးနေတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးသလို ချေးမထူတော့တဲ့အတွက် ကိုယ်နံ့ဆိုးကလည်း တော်တော်ကို နည်းသွားမှာပါ။ အဓိက ချွေးအလွန်အောင်းပြီး အနံ့ဆိုးထွက်နိုင်တဲ့ ချိုင်းကြား၊ ပေါင်ခြံနဲ့ တင်ပါးကြားတွေကို ရေ၊ ဆပ်ပြာနဲ့ သေချာတိုက်ပြီး ဆေးကြောဖို့လိုအပ်ပါတယ်။

၅။ အမွှေးရနံ့ပါတဲ့ ပစ္စည်းတစ်ခုခု သုံးပေးပါ။

ကိုယ်က ရေဘယ်လောက်ချိုးချိုး၊ အနံ့တစ်ခု အမြဲတမ်းရှိနေတယ်၊ အပြင်လည်း အမြဲတမ်းလိုလို သွားနေရတယ်ဆိုရင် အမွှေးရနံ့ပါတဲ့ ရေမွှေး၊ ချိုင်းလိမ်းဆီ Roll-on စတာတွေကို သုံးပေးဖို့ လိုအပ်ပါတယ်။ အဓိက ဒီအမွှေးရနံ့တွေဟာ ကိုယ့်ဆီကနေ ထွက်လာနိုင်တဲ့ အနံ့များကို ဖုံးလွှမ်းသွားစေလို့ တစ်ဖက်လူ စိတ်အနှောင့်အယှက် ဖြစ်စေလောက်တဲ့အထိတော့ မပြင်းထန်တော့ပါဘူး။

၆။ ချွေးအလွန်အကျွံထွက်ခြင်းကို ထိန်းချုပ်ပါ။

လူ့အရေပြားကနေ အမြဲတမ်း ချွေးထွက်တတ်ပါတယ်။ ဒါက ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် ချွေးအများကြီး ထွက်လို့ ဒီချွေးတွေကို ပြန်မသုတ်ဘူးဆိုရင် ဘက်တီးရီးယားပိုးတွေ ပွားလာပြီး အနံ့ဆိုးဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အဓိက ချွေးအများကြီး မထွက်လာစေဖို့ ထိန်းချုပ်ရမှာပါ။

နေပူလွန်းတဲ့အချိန်တွေမှာ အပြင်ထွက်သွားလာတာမျိုး တတ်နိုင်သလောက် ရှောင်ပါ။ ချွေးထွက်ပြီဆိုရင် အယ်လ်ကိုဟော မပါတဲ့ တစ်သျှူးနဲ့ သုတ်ပေးပါ။ အေးတဲ့နေရာမှာ နေပေးနိုင်ရင် ပိုကောင်းပါတယ်။ ရေများများ သောက်ပါ။ အသီးအရွက်တွေကို များများစားပေးပါ။

ဒီအချက်တွေကို နေ့စဉ်လိုက်နာပေးခြင်းဖြင့် ကျွန်တော်တို့ ကိုယ်ခန္ဓာကနေ မလိုလားအပ်ဘဲ ချွေးနံ့ဆိုးထွက်တဲ့ ပြဿနာကို ထိန်းချုပ်လို့ ရပါတယ်။ ချွေးနံ့ဆိုးဟာ ကျန်းမာရေးအရ ပြဿနာမရှိပေမဲ့ လူမှုနယ်ပယ်မှာတော့ ကိုယ့်ကို လူအများ အထင်သေးကဲ့ရဲ့စေနိုင်လောက်တာကြောင့် ကိုယ့်ရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုကို အမြဲဂရုစိုက်ပေးနေခြင်းဖြင့် ဒါကို ကာကွယ်ကြရအောင်။

LEAVE A REPLY

Please enter your comment!
Please enter your name here