နှစ် ၃၀ အတွင်း ခရီးဆောင်အိတ်တစ်လုံးမှ မပျောက်ဆုံးခဲ့ဖူးတဲ့ ဂျပန်လေဆိပ်

0
5

နှစ်စဉ်နှစ်တိုင်း ခရီးသည် သန်းဆယ်ချီ ဝင်ထွက်သွားလာလေ့ရှိတဲ့ ဂျပန်နိုင်ငံ ကန်ဆိုင်းနိုင်ငံတကာလေဆိပ်ဟာ နှစ်ပေါင်း ၃၀ သက်တမ်းအတွင်း ခရီးဆောင်အိတ် တစ်လုံးမှ မပျောက်ဆုံးဖူးတဲ့ မှတ်တမ်းကောင်းတစ်ရပ်ကို ပိုင်ဆိုင်ထားပါတယ်။

လေဆိပ်တွေမှာ ခရီးဆောင်အိတ် ပျောက်ဆုံးမှုတွေ ဖြစ်ပွားလေ့ရှိပြီး အမေရိကန်နိုင်ငံ ပို့ဆောင်ရေးဗျူရိုရဲ့ စာရင်းအင်းတွေအရ နှစ်စဉ်နှစ်တိုင်း ပြည်တွင်းလေကြောင်းခရီးစဉ်တွေမှာ ခရီးဆောင်အိတ် ပျောက်ဆုံးမှု ၃ သန်းနီးပါး ရှိနေတာ တွေ့ရပါတယ်။

တစ်နှစ်တာအတွင်း ခရီးဆောင်အိတ် သန်းရာပေါင်းများစွာကို စီမံခန့်ခွဲပေးနေရတာဖြစ်လို့ ဒီလိုပျောက်ဆုံးမှုမျိုးက ရှောင်လွှဲမရနိုင်ဘူးလို့ ဆိုစရာ ရှိပါတယ်။ ဒါပေမဲ့ ကန်ဆိုင်းနိုင်ငံတကာလေဆိပ်ရဲ့ စနစ်ကတော့ အံ့အားသင့်ဖွယ် ကောင်းပြီး တိကျသေချာတယ်လို့ ပြောရမှာပါ။

အိုဆာကာနိုင်ငံတကာလေဆိပ်မှာ ခရီးသည် အဆမတန်များပြားလွန်းတာကြောင့် ၁၉၉၄ ခုနှစ်၊ စက်တင်ဘာလက အိုဆာကာမြို့မှာ ကန်ဆိုင်းနိုင်ငံတကာလေဆိပ်ကို စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ သတ္တမမြောက် ခရီးသည်အများဆုံးဖြစ်တဲ့ ကန်ဆိုင်းနိုင်ငံတကာလေဆိပ်ဟာ နှစ်စဉ်နှစ်တိုင်း ခရီးသည် သန်း ၂၀ မှ သန်း ၃၀ ကြား ဝင်ထွက်သွားလာလေ့ရှိပါတယ်။ လေဆိပ်ဝန်ထမ်းတွေဟာ ဆိုက်ရောက်ကို ရောက်ရှိလာတဲ့ ခရီးဆောင်အိတ် အရေအတွက်နဲ့ ထွက်ခွာကနေ ပေးပို့လိုက်တဲ့ ခရီးဆောင်အိတ် အရေအတွက်ကို နှိုင်းယှဉ်စစ်ဆေးလေ့ရှိပြီး အရေအတွက် ကွာခြားနေရင် လေယာဉ်ပေါ်မှာ၊ စစ်ဆေးရေးအခန်းတွေမှာ လိုက်လံရှာဖွေလေ့ရှိပါတယ်။ သူတို့ဟာ လေယာဉ်ဆိုက်ရောက်လာပြီး ၁၅ မိနစ်အတွင်း ခရီးသည်တွေ ခရီးဆောင်အိတ် ထုတ်ယူနိုင်စေဖို့ ဆောင်ရွက်တာဖြစ်ပြီး အဲဒီလုပ်ငန်းစဉ်အားလုံးကို ၁၅ မိနစ်အတွင်း ဆောင်ရွက်နိုင်တာ အံ့မခန်းပါပဲ။

ဒါကြောင့်လည်း ကန်ဆိုင်းနိုင်ငံတကာလေဆိပ်ဟာ ခရီးဆောင်အိတ် စီမံခန့်ခွဲမှုအပိုင်းမှာ အကောင်းဆုံးလေဆိပ်အဖြစ် ၈ နှစ်ဆက်တိုက် ဆုရခဲ့တာပါ။ ဒါပေမဲ့ ကန်ဆိုင်းလေဆိပ်ဟာ သူတို့ရဲ့မှတ်တမ်းကောင်းကို အချိန်ကြာကြာ ဆက်ထိန်းထားနိုင်တော့မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကန်ဆိုင်းနိုင်ငံတကာလေဆိပ်ကို အိုဆာကာပင်လယ်အော်ထဲမှ ကျွန်းတုတွေပေါ်မှာ တည်ဆောက်ထားတာဖြစ်ပြီး ကျွန်းတုတွေအပေါ် ရေလွှမ်းမိုးမှု ရှိလာတာကြောင့် ၂၀၅၆ ခုနှစ်ရောက်ရင် ဒီလေဆိပ်ကို စွန့်ခွာရဖို့ ခန့်မှန်းထားကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here