၁၉၅၁ ခုနှစ်က ဆွီဒင်နိုင်ငံတဝန်း ဖြတ်သန်းရတဲ့ ဆဗရီဂျီလော့ပက်(Sverigeloppet) စက်ဘီးစီးပြိုင်ပွဲမှာ အသက် ၆၅ နှစ်အရွယ် အမျိုးသား ဟာကန်ဆန်ကို ပြိုင်ပွဲဝင်ခွင့် မပေးခဲ့ဘူး။ ၁၀၉၅ မိုင် အကွာအဝေးအထိ စက်ဘီးစီးရမယ့်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ ဟာကန်ဆန်က အသက်ကြီးလွန်းနေပြီလို့ ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူတွေက ယူဆလို့ပါပဲ။
ဒါပေမဲ့ ဟာကန်ဆန်ကတော့ လက်မလျှော့ခဲ့ဘူး။ သူက နံပါတ် (ဝ)လို့ ရေးထားတဲ့ အင်္ကျီကို ဝတ်ဆင်ပြီး တာထွက်မယ့်နေရာကို ရောက်လာခဲ့တယ်။ ပြိုင်ပွဲဝင်ခွင့်ရသူတွေ တာထွက်ပြီး တစ်မိနစ်အကြာမှ ဟာကန်ဆန်က တာထွက်ခဲ့တာပါ။
တခြားပြိုင်ပွဲဝင်တွေ အိပ်စက်ချိန်မှာလည်း ဟာကန်ဆန်က မအိပ်မနေ စက်ဘီးနင်းခဲ့တယ်။ သူက တစ်နေ့ကို တစ်နာရီသာ အနားယူခဲ့တယ်။ ၆ ရက်၊ ၁၄ နာရီ၊ ၂၀ မိနစ်အကြာမှာတော့ ဟာကန်ဆန်က ပန်းဝင်ခဲ့ပြီး နောက်ထပ် ၂၄ နာရီကြာမှသာ တရားဝင်ယှဉ်ပြိုင်ခွင့်ရသူတစ်ဦး ပန်းဝင်လာခဲ့တာ ဖြစ်ပါတယ်။

မမှိတ်မသုန် ကြိုးပမ်းအားထုတ်ခဲ့တဲ့ ဟာကန်ဆန်ရဲ့ အောင်မြင်မှုကြောင့် စက်ဘီးသမားတွေ အံ့အားသင့်ခဲ့ရုံတင်မကဘဲ ဆွီဒင်နိုင်ငံရဲ့ အမျိုးသား သူရဲကောင်းအဖြစ်ပါ နာမည်ရရှိခဲ့တယ်။ သူ့ကို လူတွေက သံမဏိအဘိုးအိုလို့ ချစ်စနိုးခေါ်တွင်ခဲ့ကြပါသည်။ ဟာကန်ဆန်က နောက်ပိုင်းနှစ်တွေမှာလည်း တာဝေးခရီးတွေ စက်ဘီးနင်းခဲ့ပြီး အသက် ၇၃ နှစ်အရွယ်မှာလည်း ဆွီဒင်ကနေ အစ္စရေးနိုင်ငံ ဂျေရုစလင်မြို့အထိ စက်ဘီးနင်းခဲ့ပါတယ်။
သူဟာ အသက် ၁၀၁ နှစ်အထိ အသက်ရှင်ခဲ့ပြီး ၁၉၈၇ ခုနှစ်မှာ ကွယ်လွန်သွားခဲ့တယ်။ သူ ကွယ်လွန်သွားပေမဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေ ရယူဖို့ အသက်အရွယ်ဟာ အတားအဆီးတစ်ခု မဟုတ်ဘူးဆိုတဲ့ သက်သေပြမှုကတော့ နှောင်းလူတွေ အတုယူစရာ စံနမူနာအဖြစ် ကျန်ရစ်နေဆဲပါပဲ။