ကမ္ဘာကျော် ပန်းချီဆရာ လီယိုနာဒိုဒါဗင်ချီ ပုံကြမ်းရေးဆွဲခဲ့တယ်ဆိုတဲ့ လျှို့ဝှက်ဥမင်လိုဏ်ခေါင်းကွန်ရက်ကို အီတလီနိုင်ငံ မီလန်မြို့မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ မီလန်မြို့ ပိုလီတက္ကနစ်တက္ကသိုလ်မှ သုတေသီတွေက ရေဒါ၊ လေဆာစကန်နာနဲ့ အခြားအဆင့်မြင့် နည်းပညာတွေကို ပေါင်းစပ်အသုံးပြုပြီး စဖော်ဇာရဲတိုက်အောက်ကနေ လျှို့ဝှက်ဥမင်လိုဏ်ခေါင်းတွေကို ရှာဖွေခဲ့တာပါ။စဖော်ဇာရဲတိုက် တည်ဆောက်ရေးလုပ်ငန်းကို ၁၃၅၈ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး နိုင်ငံရေးမငြိမ်သက်မှုတွေကြောင့် ထိခိုက်ပျက်စီးခဲ့လို့ နှစ် ၁၀၀ အကြာမှသာ အပြီးသတ်နိုင်ခဲ့တာပါ။

စဖော်ဇာရဲတိုက်ရဲ့ နံရံတွေမှာ နံရံပန်းချီတွေ ရေးဆွဲပေးဖို့ မီလန်မြို့စားကြီး ခေါ်ယူခဲ့တဲ့ အနုပညာရှင်တွေထဲမှာ လီယိုနာဒိုဒါဗင်ချီလည်း ပါဝင်ခဲ့တာပါ။အဲဒီကာလအတွင်း လီယိုနာဒိုဒါဗင်ချီဟာ စဖော်ဇာရဲတိုက်အောက်မှ လျှို့ဝှက်လိုဏ်ခေါင်းကွန်ရက် ပုံကြမ်းကို ရေးဆွဲပေးခဲ့တာဖြစ်ပြီး ဒီအကြောင်းကိုလည်း ဒဏ္ဍာရီတစ်ခုလို ရာစုနှစ်ပေါင်းစွာ ပြောခဲ့ကြပါတယ်။

နှစ်ပေါင်း ၅၀၀ အကြာမှာတော့ ရဲတိုက်အောက်မှ လျှို့ဝှက်ဥမင်လိုဏ်ခေါင်းကို သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့တာပါ။လျှို့ဝှက်ဥမင်လိုဏ်ခေါင်းထဲမှာ ခံတပ်စနစ်ပါ ထည့်သွင်းတည်ဆောက်ထားပြီး မီလန်မြို့စားကြီး လူဒိုဗီကိုအနေနဲ့ သူ့ဇနီး ရုပ်အလောင်းမြှုပ်နှံထားရာ ဆန်တာမာရီယာဒယ်လီဂရာဇီဘုရားကျောင်းကို လျှို့ဝှက်သွားရောက်နိုင်မယ့် ဥမင်လမ်းတစ်ခုလည်း ထည့်သွင်း တည်ဆောက်ထားတာ တွေ့ရပါတယ်။ အဲဒီဥမင်လိုဏ်ခေါင်းမှာ လျှို့ဝှက်ချက်ပေါင်းများစွာ ရှိနေပြီး နောက်ထပ်စစ်ဆေးမှုတွေလုပ်ရင်း လျှို့ဝှက်ချက်တွေကို ထပ်မံဖော်ထုတ်နိုင်လိမ့်မယ်လို့ သုတေသနပညာရှင်အဖွဲ့က ယုံကြည်ထားကြပါတယ်။