လေယာဉ်ဦးပုံစံ ဒီဇိုင်းဖန်တီးထားတဲ့ ကမ်းရိုးတန်းသွား ဂျပန်ကွန်တိန်နာသင်္ဘောဟာ သင်္ဘောဒီဇိုင်းတွေကို တွန်းလှန်ပြောင်းလဲခဲ့တယ်လို့ ဆိုကြပါတယ်။ ၂၀၁၅ ခုနှစ်မှာ Imoto Lines အတွက် စက်လုံးဝက် ပုံသဏ္ဍာန်ရှိတဲ့ SSS-feeder ကွန်တိန်နာသင်္ဘောကို ဂျပန်နိုင်ငံ ယာမာဂူချီမြို့မှာရှိတဲ့ ကျိုကူယိုသင်္ဘောကျင်းက တည်ဆောက်ပေးခဲ့တာပါ။
နာတိုရီ (Natori)လို့ အမည်ရတဲ့ ဒီသင်္ဘောဟာ ဂျပန်နိုင်ငံမှာ တည်ဆောက်ခဲ့သမျှ ကမ်းရိုးတန်းသွား ကွန်တိန်နာသင်္ဘောတွေထဲမှာ အကြီးဆုံးဖြစ်သလို ဒီဇိုင်းကလည်း ထူးခြားနေပါတယ်။ ခရီးသည်တင် လေယာဉ်ကြီးတစ်စီးရဲ့ ဦးပိုင်းပုံသဏ္ဍာန် ဒီဇိုင်းဖန်တီးထားတာဖြစ်ပြီး အရင်တုန်းက ဒီလိုဒီဇိုင်းမျိုးကို သင်္ဘောဒီဇိုင်းတွေမှာ အသုံးပြုခဲ့ဖူးခြင်း မရှိပါဘူး။

ဒီဇိုင်းရှုထောင့်မှာ သာမက စွမ်းဆောင်ရည်ပိုင်းကိုပါ သက်ရောက်မှုရှိစေတဲ့ ဒီဇိုင်းဖန်တီးမှု ဖြစ်တာကြောင့် နာတိုရီသင်္ဘောဟာ ရေကြောင်းဗိသုကာနဲ့ သမုဒ္ဒရာလေ့လာမှုဆိုင်ရာ ဂျပန်အဖွဲ့အစည်းရဲ့ တစ်နှစ်တာသင်္ဘောဆု ဆွတ်ခူးခဲ့သလို အသေးစားနဲ့ အလတ်စား ကုန်တင်သင်္ဘော အမျိုးအစားအတွက်လည်း ဆုပေါင်းများစွာ ဆွတ်ခူးခဲ့ပါတယ်။

စက်လုံးဝက်ပုံသဏ္ဍာန်ရှိတဲ့ သင်္ဘောဦးဟာ လေခွင်းအားကို သိသိသာသာ ကောင်းမွန်စေခဲ့ပြီး သမားရိုးကျဒီဇိုင်း သင်္ဘောတွေနဲ့ယှဉ်ရင် လေခွင်းအား ၅၀ % အထိ သာလွန်တာကြောင့် လောင်စာသုံးစွဲမှု လျှော့ချနိုင်သလို ကာဗွန်ထုတ်လွှတ်မှုကိုလည်း လျော့ကျစေခဲ့ပါတယ်။ ဒါ့အပြင် ကုန်စည်တင်ဆောင်မှုကိုလည်း ၂ ဆနီးပါး တိုးမြှင့်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။