ဝက်ခြံ အဖြစ်လွယ်သူတွေ အနေနဲ့ ဝက်ခြံကို ပိုဆိုးစေနိုင်တဲ့ အချို့သော အပြုအမူလေးတွေကိ အမှုမဲ့ အမှတ်မဲ့ လုပ်မိနေတတ်ကြပါတယ်။ ဒီတော့ ဝက်ခြံ သက်သာစေဖို့ဆိုရင် နေ့စဉ် အခုပြောပြမယ့် အချက်လေးတွေကို သတိထားစေချင်ပါတယ်။
ဆံပင်တွေကို စည်းထားပါ
ဝက်ခြံပေါက်တာကို ဆံပင်စည်းရင် ပျောက်မယ်ဆိုတော့ မဖြစ်နိုင်တာလို့ တွေးနေပြီလား။ ဖြစ်နိုင်ပါတယ်။ ဒီလိုပြောရတာက ဆံပင်မှာ ကပ်ညှိနေတဲ့ အရာတွေက ချွေးပေါက်တွေကို ပိတ်ဆို့တာ၊ ဘက်တီရီးယားတွေ ချွေးပေါက်ထဲ ရောက်ရှိတာတွေ ဖြစ်စေပြီး ရှိရင်းစွဲ ဝက်ခြံတွေကို ပိုဆိုးစေနိုင်သလို ဝက်ခြံ အသစ်တွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဝက်ခြံ သက်သာစေဖို့ ဆံပင်တွေကို သေချာ စည်းထားဖို့ ပြောပါရစေ။

ရေနွေးငွေ့ ခံပါ
ရေနွေးငွေ့က ချွေးပေါက်တွေကို ပွင့်စေပြီး ချွေးပေါက်ထဲက အညစ်အကြေးတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် မျက်နှာကို သေချာ သန့်စင်ပြီး အဝကျယ် ဇလုံထဲမှာ ရေနွေးထည့်လို့ အငွေ့ကို ခံပေးပါ။ ပြီးမှ မျက်နှာကို သန့်ရှင်းရေးဆက်လုပ်ပါ။
ချေးချွတ်ပါ
ဝက်ခြံရှိသူတွေအတွက် ထုတ်ထားတဲ့ ချေးချွတ်ဆေး တစ်ခုခုနဲ့ မျက်နှာ အသားအရေကို တစ်ပတ် (၂) ကြိမ်လောက် ချေးချွတ် သန့်စင်ပါ။ ချေးချွတ်ပြီးတိုင်းမှာ ရောတ်ဖြည့်ပေးဖို့လည်း မမေ့ပါနဲ့။

မျက်နှာကို လက်နဲ့ မကိုင်ပါနဲ့
လက်ချောင်းတွေမှာ မမြင်နိုင်တဲ့ ရောဂါပိုးတွေ အများကြီး ရှိနိုင်ပါတယ်။ ညစ်ပေနေတဲ့ လက်နဲ့ မျက်နှာကို ကိုင်တွယ်ထိတွေ့တာက ဝက်ခြံဖြစ်စေဖို့ တွန်းအားပေးနေတာပါ။ ဒါကြောင့် လက်ကို သေချာသန့်စင်ပြီး မျက်နှာ အသားအရေကို ထိန်းသိမ်းချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေမှာ မျက်နှာကို ကုတ်ဖဲ့တာ၊ ဝက်ခြံညှစ်တာမျိုးတွေ မလုပ်ပါနဲ့။
မျက်နှာသစ်ပါ
မျက်နှာကို ခဏခဏ သစ်တာမျိုး မဟုတ်ဘဲ တစ်နေ့ကို ၂ ကြိမ်လောက် ဝက်ခြံအတွက် သီးသန့်ထုတ်ထားတဲ့ မျက်နှာသစ်ဆေးလေးနဲ့ သေချာလေး သန့်စင်ဆေးကြောဖို့ပါ။ မျက်နှာကို သေချာသန့်စင်ပေးတာက ဝက်ခြံမဖြစ်အောင် ကာကွယ်ရာရောက်သလို ရှိရင်းစွဲ ဝက်ခြံတွေကိုလည်း သက်သာစေနိုင်ပါတယ်။
ဝက်ခြံ အဖြစ်လွယ်သူတွေအတွက် အသုံးတည့်မယ့် အသားအရေ ထိန်းသိမ်းနည်းလေးတွေကို သိသွားပြီဆိုတော့ အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွကို လိုက်နာပြီး ဝက်ခြံတွေကို သက်သာစေဖို့နဲ့ ထပ်မဖြစ်စေဖို့ အသားအရေလေးကို သေချာ ထိန်းသိမ်းလိုက်ပါ။