– အရိုးပွခြင်း
– နှလုံးနဲ့သွေးကြောဆိုင်ရာ ရောဂါများ
– စိတ်ကျခြင်းနဲ့ စိတ်ကျန်းမာရေးဆိုင်ရာ အခြားပြဿနာများ
– မိန်းမကိုယ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ (ဥပမာ မွေးလမ်းကြောင်းခြောက်သွေ့ခြင်း) စတာတွေပဲ ဖြစ်ပါတယ်။
အရိုးပွခြင်း
အရိုးများ သိပ်သည်းဆနည်းလာတဲ့ အခြေအနေဖြစ်ပါတယ်။ သွေးဆုံးပြီး နှစ်အနည်းငယ်အတွင်း ကြုံတွေ့နိုင်ပါတယ်။ ကိုယ်ခန္ဓာကနေ အီစထရိုဂျင်ဟော်မုန်း နည်းပါးသွားလို့ ဖြစ်ပါတယ်။ သွေးဆုံးချိန်ကနေ အသက် ၆၀ ကြားထိ အရိုးများရဲ့ သိပ်သည်းဆဟာ ၂၅ ရာခိုင်နှုန်း လျော့နည်းသွားနိုင်ပါတယ်။
အရိုးပွခြင်းကြောင့် အရိုးများ ကျိုးပဲ့လွယ်ပါတယ်။ အထူးသဖြင့် ပေါင်ရိုး၊ ခါးဆစ်ရိုးနဲ့ လက်ကောက်ဝတ် ဖြစ်ပါတယ်။ အရိုးပွခြင်းပြဿနာကို ဖြေရှင်းနိုင်ဖို့ ဆရာဝန်နဲ့ သေချာပြသပြီး လိုအပ်တဲ့ ကုသမှုတွေ ခံယူသင့်ပါတယ်။ လိုအပ်ရင် ကယ်လ်ဆီယမ်အားဖြည့်ဆေးဝါး၊ ဗီတာမင် D ပါတဲ့ ဆေးဝါးတွေပါ သောက်သုံးသင့်ပါတယ်။
ဒါ့ပြင် လေ့ကျင့်ခန်းလည်း ပုံမှန်ပြုလုပ်သင့်ပါတယ်။ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း ရှောင်ကြဉ်သင့်ပါတယ်။
နှလုံးနှင့်သွေးကြောရောဂါများ
သွေးဆုံးခြင်းကြောင့် နှလုံးရောဂါဖြစ်ပွားရတာမျိုး မဟုတ်ပေမယ့် နှလုံးနဲ့ သွေးကြောရောဂါတွေ ဖြစ်ပွားနိုင်ခြေကိုတော့ မြင့်တက်စေပါတယ်။ မကောင်းတဲ့ LDL ကိုလက်စထရောများ မြင့်တက်လာခြင်းက သွေးဆုံးချိန် ဟော်မုန်းပြောင်းလဲခြင်းနဲ့ ဆက်စပ်နေတာကြောင့်ပါ။
သွေးဆုံးပြီး အမျိုးသမီးသုံးဦးအနက် တစ်ဦးမှာ ဒီပြဿနာ ခံစားရနိုင်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့်သွေးဆုံးပြီး ဆယ်နှစ်ခန့်အကြာမှာ ဖြစ်နိုင်ခြေ မြင့်တက်လာပါတယ်။ နှလုံးရောဂါဖြစ်နိုင်ခြေ လျှော့ချဖို့အတွက် အစားအသောက်ကို မျှတစွာ စားသောက်ခြင်း၊ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း၊ ဆေးလိပ်ရှောင်ခြင်း စတဲ့နေထိုင်မှုပုံစံတွေကို လိုက်နာကျင့်သုံးသင့်ပါတယ်။
အခြားပြဿနာများ
သွေးဆုံးပြီး အမျိုးသမီးအချို့ ကြုံတွေ့ရတာကတော့ စိတ်ကျခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်ပါတယ်။ အနီးပတ်ဝန်းကျင်မှာ ရှိသူတွေက ဒီပြောင်းလဲခြင်းတွေကို သိမြင်ပြီး နားလည်စာနာပေးဖို့ လိုအပ်ပါတယ်။ စိတ်ကျန်းမာရေးအခြေအနေအတွက် တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း စတဲ့နည်းလမ်းတွေနဲ့ စိတ်ပြေလက်ပျောက် နေထိုင်သင့်ပါတယ်။ လိုအပ်ရင် စိတ်ကျန်းမာရေးဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။
မိန်းမကိုယ်နဲ့ မွေးလမ်းကြောင်း ခြောက်သွေ့ခြင်းကြောင့် လိင်မှုကိစ္စမှာ အနှောင့်အယှက် ကြုံနိုင်ပါတယ်။ ချောဆီသုံးရင် အဆင်ပြေနိုင်ပါတယ်။ တခြား ရောဂါပိုးဝင်နိုင်ခြေတွေ ရှိနေတာကို သတိပြုသင့်ပါတယ်။
သွေးဆုံးချိန်ဆိုတာ ဖြစ်ရိုးဖြစ်စဉ် သဘာဝပဲ ဖြစ်ပါတယ်။ ကြုံတွေ့လာနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကို သတိပြုပြီး အစားအသောက်ပုံစံ၊ နေထိုင်မှုပုံစံတွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်သွားမယ်ဆိုရင် အကောင်းဆုံး ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။