လှုပ်ရှားမှုနည်းတဲ့အခါ၊ သွေးပျစ်တဲ့အခါ၊ ဆဲလ်တွေ ရောင်ရမ်းတဲ့အခါ သွေးပြန်ကြော မှာ သွေးခဲတတ်ပါတယ်။ အထူးသဖြင့် ခြေထောက်သွေးပြန်ကြောတွေမှာပါ။ ဒီသွေးခဲတွေက မတော်တဆ ပြုတ်ထွက်သွားတဲ့အခါ ခန္ဓာကိုယ်ရဲ့ နေရာအနှံ့မှာ ပိတ်ဆို့နိုင်ပါတယ်။ အဆိုးဆုံးကတော့ အဆုတ်သွေးကြောမှာ သွားပိတ်ပြီး လူကို အန္တရာယ်ဖြစ်စေနိုင်တာပါပဲ။

သွေးပြန်ကြော သွေးမခဲစေဖို့ စားရမယ့် အစားအစာများ
သွေးပြန်ကြော သွေးခဲတာကို ကာကွယ်ပေးနိုင်တဲ့ အစားအစာတွေက ထူးထူးခြားခြားတွေတော့ မဟုတ်ပါဘူး။ အရင်စားနေကြ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေပါပဲ။ ဒါတွေကတော့
ငါး
ကြက်သား
အသီးအနှံ
ဟင်းသီးဟင်းရွက်
အစေ့အဆန်
အခွံမာအသီး
ပဲ
ကြက်သွန်ဖြူ
ကျန်းမာစေတဲ့ အဆီ (သံလွင်ဆီ) စတာတွေပဲ ဖြစ်ပါတယ်။

ဒီအစားအစာတွေက ဓာတ်တိုးဆန့်ကျင်သတ္တိတွေ ရှိလို့ ဆဲလ်တွေရောင်ရမ်းတာကို သက်သာစေပါတယ်။ ဒါ့ပြင် ကျန်းမာရေးနဲ့ ညီအောင် ချက်ပြုတ်စားသောက်မယ်ဆိုရင် ဝိတ်ကျမယ်။ ဝိတ်ကျရင် သွေးကြောပေါ်ဖိအားတွေ နည်းသွားမယ်။ ဒါဆို ရောင်ရမ်းတာတွေကိုပါ ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။ လေ့လာဖို့ လိုသေးပေမယ့် အိုမီဂါသရီး ဖက်တီးအက်စစ်ပါတဲ့ ငါးကြီးဆီတွေ၊ ဖလေဗာနွိုက်ပါတဲ့ ချောကလက်တို့၊ စပျစ်ရည်တို့၊ လက်ဖက်ရည်ကြမ်းတို့ကလည်း ရောင်ရမ်းတာကို သက်သာစေတယ်လို့ ဆိုပါတယ်။
ဒါ့ပြင် ရေများများ သောက်ဖို့လည်း လိုပါတယ်။ ရေသောက်နည်းရင် သွေးပျစ်ပြီး သွေးခဲဖြစ်လွယ်ပါတယ်။ တစ်နေ့ကို ရေ ၈ခွက်သောာက်ရမယ်ဆိုပေမယ့်လည်း ဆီးအရောင်ကို ကြည့်ပါ။ ဆီးအရောင်ကြည်နေရင်၊ ဝါဖန့်ဖန့်ဆိုရင် ရေဓာတ်လုံလောက်တဲ့ လက္ခဏာ ဖြစ်ပါတယ်။