အပူအစပ်တွေ စားပြီးရင် ဗိုက်အောင့်ရတဲ့ အကြောင်းအရင်း က အဓိကအားဖြင့် ၂ ချက် ရှိနိုင်ပါတယ်။
ပထမ တစ်ချက်ကတော့ – အစပ်စားလိုက်တဲ့အခါ ဒီလိုပူစပ်စပ် အစားအစာထဲမှာပါတဲ့ capsaicin က အစာကြေညက်နိုင်စွမ်းကို နှေးစေပြီး အစာအိမ်ထဲမှာ အစာတွေကို ကြာနေစေပါတော့တယ်။ ဒီလိုမျိုး အစား ကြေညက်ဖို့ ခက်ခဲတာက ဗိုက်အောင့်တာ ရင်ခေါင်းအောင့်တာမျိုး ဖြစ်စေတာပါ။
ဒုတိယ တစ်ချက်ကတော့ – အပူအစပ်ကဲတဲ့ အစားအစာတွေက အစာရေမျိုကို မအီမသာဖြစ်စေပြီး ဒီအခြေအနေက ပြင်းထန်လာချိန်မှာ ရင်ပူပြီး အစာမကြေတာ ဗိုက်အောင့်တာတွေကို ဖြစ်စေနိုင်ပါတယ်။
ဒီအချက်တွေအပြင် အခုလို အကြောင်းအရာတွေကြောင့်လည်း အစပ်စားပြီးချိန်မှာ ဗိုက်အောင့်တာကို ခံစားရတာပါ။

ငရုတ်သီးမှာပါတဲ့ Capsaicin
ငရုတ်သီးစားပြီးချိန်မှာ ဗိုက်ထဲက အောင့်တာ ရင်ပူတာတွေက ငရုတ်သီးမှာပါတဲ့ သဘာဝအတိုင်း တွေ့ရှိရနိုင်တဲ့ ဓာတုပစ္စည်း တစ်မျိုး ဖြစ်တဲ့ capsaicin ကြောင့်ပါ။ ဒီဓာတုပစ္စည်းက အစာအိမ် အတွင်းနံရံသားနဲ့ ထိတွေ့မိတဲ့အခါ ဦးနှောက်ဆီကို နာကျင်တယ် ပူတယ်ဆိုတဲ့ ခံစားမှု ခံစားရစေဖို့ အချက်ပြတာကြောင့်ပါ။
အစာအိမ် ရောင်နေတာ၊ အစာအိမ်ထဲ အနာ ရှိနေတာ
အစာအိမ်ရောင်နေတာ အစာအိမ်ထဲမှာ အနာရှိနေတာတွေက သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ဒီလို အခြေအနေ ရှိသူတွေက အစပ်ကဲတာတွေကို စားမိမယ်ဆိုရင် အစာအိမ်ရောင်တာကို ပိုဆိုးစေပြီး အစပ် စားပြီးချိန်မှာ ဗိုက်အောင့်တာကို ခံစားရတာပါ။
အစာအိမ်အက်ဆစ် ပြန်ဆန်တက်တာ ခံစားနေရတာ
အစာအိမ် အက်ဆစ်ပြန်ဆန်တက်တာကို ခံစားနေရမယ်ဆိုရင် အပူအစပ်တွေကို ရှောင်ဖို့ လိုပါမယ်။ အစာအိမ်အက်ဆစ်တွေက အစာအိမ်ထဲကနေ အစာခြေအက်ဆစ်ရည်တွေ အစာရေမျိုထဲကို ပြန်ဆန်တက်တာ ဖြစ်ပြီး ဒီအခြေအနေ ခံစားနေရသူအနေနဲ့ အစပ်တွေကို စားမယ်ဆိုရင် ရင်ပူတာ ဗိုက်အောင့်တာကို ခံစားရနိုင်ပါတယ်။

Irritable Bowel Syndrome (IBS) ခံစားနေရတာ
Irritable bowel syndrome (IBS) ခံစားနေရသူတွေ အနေနဲ့ အပူအစပ်တွေကို ရှောင်ဖို့ လိုပါမယ်။ IBS က အစာခြေစနစ်ကို မအီမသာဖြစ်စေနိုင်သလို အပူအစပ်ကိုပါ စားမိမယ်ဆိုရင် ဗိုက်အောင့် ဗိုက်နာတာ မအီမသာဖြစ်တာတွေကို ပိုဆိုးစေနိုင်ပါတယ်။