အီလွန်မက်စ်ဆီက လူတွေကို တုန်လှုပ်သွားစေမယ့် သတိပေးချက်တစ်ခုကို ပြောလိုက်ပါတယ်။။ သူက ဘာပြောလိုက်လဲဆိုတော့… အစိုးရတွေနဲ့ လူသားတွေတောင် လိုက်မမီနိုင်လောက်အောင် အရှိန်အဟုန်နဲ့ တိုးဝင်လာနေတဲ့ “AI ဆူနာမီ” ဘေးနဲ့ လူသားမျိုးနွယ်တစ်ခုလုံး ရင်ဆိုင်ရတော့မယ်တဲ့။ ဒီလောက်နဲ့တင် မဟုတ်သေးဘူး၊ အဲဒီသတိပေးချက်က လာမယ့် ၁၈ လလောက်အတွင်းမှာ AI တွေက လူတွေရဲ့ ဉာဏ်ရည်ကို ကျော်တက်သွားနိုင်တယ်ဆိုတဲ့ သူ့ရဲ့ ခန့်မှန်းချက်နဲ့အတူ ထွက်ပေါ်လာခဲ့တာပါပဲ။

မက်စ်ရဲ့အဆိုအရဆိုရင် ဒီ AI တော်လှန်ရေးကြီးက ကမ္ဘာ့ငွေကြေးလောက၊ ကျွန်တော်တို့ရဲ့ အလုပ်အကိုင်တွေ၊ လုံခြုံရေးကအစ နယ်ပယ်ပေါင်းစုံမှာ ဘယ်သူမှထင်မထားတဲ့ အပြောင်းအလဲတွေကို ဖြစ်စေတော့မှာပါ။ သူက ဒီအပြောင်းအလဲ ဘယ်လောက်တောင် ကြီးမားလဲဆိုတာကို “ပေတစ်ထောင်လောက်မြင့်တဲ့ AI ဆူနာမီကြီး” နဲ့တောင် နှိုင်းယှဉ်သွားခဲ့တယ်။ တခြားကိစ္စတွေအားလုံးက အဲဒီဆူနာမီဘေးနဲ့ယှဉ်လိုက်ရင် ကလေးကစားစရာလောက်ပဲ ရှိတော့တယ်လို့တောင် ဆိုခဲ့ပါတယ်။

သူက AI နည်းပညာက အပြေးအလွှား တိုးတက်နေတာမို့၊ လူတွေက ဘေးကင်းဖို့အတွက် စည်းကမ်းတွေထုတ်တာ၊ ထိန်းချုပ်ဖို့ ကြိုးစားတာတွေက နောက်မှာ ကျန်နေခဲ့နိုင်ပါတယ်တဲ့။ AI တွေက လူတွေထက် ပိုတော်၊ ပိုသာသွားတဲ့တစ်နေ့၊ သူတို့ရဲ့ လုပ်ရပ်တွေနဲ့ ဆုံးဖြတ်ချက်တွေကို လူတွေအနေနဲ့ နားလည်ဖို့မပြောနဲ့ ထိန်းချုပ်ဖို့တောင် မလွယ်တော့မှာကို သူက အရမ်းစိုးရိမ်နေပါတယ်။ AI တွေ ဘေးကင်းဖို့အတွက် အရေးအကြီးဆုံးက “အမှန်တရားကိုပဲ တစ်သဝေမတိမ်း လိုက်နာခိုင်းဖို့” ဖြစ်တယ်လို့ မက်စ်က အထူးအလေးပေး ပြောခဲ့ပါတယ်။
အခုလို သတိပေးတာတွေက မက်စ်တစ်ယောက် AI နဲ့ပတ်သက်ပြီး နှစ်တော်တော်ကြာကြာ စိုးရိမ်နေခဲ့တာတွေကို ပိုပြီး ပေါ်လွင်စေပါတယ်။ သူက AI ဖွံ့ဖြိုးတိုးတက်မှုတွေကို သေချာကြီးကြပ်ဖို့နဲ့ လူသားတွေအတွက် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ကာကွယ်ဖို့အတွက် စည်းမျဉ်းစည်းကမ်းတွေနဲ့ ထိန်းချုပ်ပေးဖို့ အမြဲတစေ တောင်းဆိုနေခဲ့တာပါ။
လတ်တလောမှာလည်း သူက နောက်ထပ်ကြောက်စရာကောင်းတဲ့ ခန့်မှန်းချက်တစ်ခုကို ထပ်ပြောလိုက်သေးတယ်။ အဲဒါကတော့ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ လူနဲ့တူတဲ့ စက်ရုပ် (humanoid robot) တွေရဲ့ အရေအတွက်က ကမ္ဘာပေါ်က လူဦးရေထက်တောင် ကျော်လွန်သွားမယ်ဆိုတဲ့ အချက်ပါပဲ။ ဒီအချက်ကိုကြည့်ရင် AI က ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းနဲ့ စီးပွားရေးလောကကို ဘယ်အတိုင်းအတာအထိ ပြောင်းလဲပစ်နိုင်မလဲဆိုတာကို ရှင်းရှင်းလင်းလင်း မြင်သာစေပါတယ်။