ဗန်းမော် မျှစ်ချဉ်ခေါက်ဆွဲ (ခ) ငါးခေါက်ဆွဲ

0
61

ဗန်းမော်မြို့ ကို မရောက်ဖြစ်လို့ ကိုယ်တိုင် သွားမစားနိုင်ရင်တော့ မိမိအိမ်မှာပဲ ချက်စားနိုင်ဖို့ ချက်နည်းကို ဖော်ပြပေးလိုက်ပါတယ်။ ကြက်သား၊ ဝက်သား မစားသူများအတွက်လည်း ငါးနဲ့ ချက်ထားတဲ့ ခေါက်ဆွဲက အဆင်ပြေစေမှာ ဖြစ်ပါတယ်နော်။ ဗန်းမော်ရောက်တိုင်း တကူးတက သွားစားဖြစ်တဲ့ မျှစ်ချဉ်ခေါက်ဆွဲကို တနင်္ဂနွေနေ့က အိမ်မှာချက်စားဖြစ်ပါတယ်။ အဲဒီ ခေါက်ဆွဲချက်နည်းကို ဟိုးအရင်ကတည်းက တင်ခဲ့ဖူးပေမဲ့ မဖတ်ရသေးသူများအတွက် ချက်နည်းကို ပြန်တင် ပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

ငါး (ငါးကြင်း ၊ ငါးမျှစ်ချင်း)
မျှစ်ချဉ်
ဆား၊ နနွင်းနှင့် အရသာမှုန့် အနည်းငယ်
နံနံပင်၊ ငြုပ်သီးစိမ်း၊ ဂျင်းနှင့် စပါးလင်
ကြက်သွန်ဖြူနှင့် ကြက်သွန်နီ


ငြုပ်သီးမှုန့် (အရောင်တင်မှုန့်)
ငံပြာရည်
ငြုပ်ကောင်းမှုန့်
ဆန်ခေါက်ဆွဲ (ဆန်စီး) ၊ ရှမ်းခေါက်ဆွဲ (ရေစိမ်ခေါက်ဆွဲ)
ရွှေပဲရွက်

ပြုလုပ်နည်း

၁။ မျှစ်ချဉ် ခေါက်ဆွဲ အတွက် အဓိက လိုအပ်ချက် ကတော့ ငါးနဲ့ မျှစ်ချဉ်ပါပဲ ။ မျှစ်ချဉ်ကို ဆား ၊ နနွင်း အနည်းငယ် ထည့်ပြီး ၂ ရေ ၃ ရေ ခမ်းအောင် ပြုတ်ပါတယ် ။

၂။ ပြုတ်ပြီး မျှစ်ချဉ်တွေကို အရသာမှုန့် အနည်းငယ် ၊ နံနံပင် ၊ ငြုပ်သီးစိမ်း တို့နှင့် နယ်ထားလိုက်ပါတယ် ။

၃။ ငါး (ငါးကြင်း ၊ ငါးမျှစ်ချင်း) စတဲ့ ငါးတစ်မျိုးမျိုးကို ဆား ၊ ဂျင်း ၊ စပါးလင် ၊ ကြက်သွန်ဖြူ ထည့်ပြီးအကောင်လိုက် ပြုတ်ပါတယ် ။ ငါးအသားတွေ ကျက်လျှင် ဆယ်ပြီး အရိုးဖယ်ကာ အသားလေးတွေ နွှာထား လိုက်ပါတယ် ။

၄။ နွှာထားတဲ့ ငါးအသားတွေကို ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ငြုပ်သီးမှုန့် (အရောင်တင်မှုန့်) ၊ နနွင်း တို့နဲ့ ဆီသတ်ပြီး ငံပြာရည် ၊ ဆား ၊ အရသာမှုန့် တို့ထည့်ကာ ချက်ထားပါတယ် ။

၅။ ပြုတ်ထားတဲ့ ငါးပြုတ်ရည်ကိုတော့ ငြုပ်ကောင်းမှုန့်လေး ခတ်ပြီး ဟင်းရည် အဖြစ် အသုံးပြုနိုင်ပါတယ် ။

၆။ ဆီချက် ၊ အနီ/အဝါ တို့ကို ချက်ထား ပါတယ် ။ ငြုပ်သီးမှုန့်ကို ညိုဝါရောင် သန်းအောင် လှော်ထားပါတယ် ။ နံနံပင် ပါးပါးလှီးထားပါတယ် ။

၇။ အဆာပလာများ အဆင်သင့် ဖြစ်ရင် ဆန်ခေါက်ဆွဲ (ဆန်စီး) ဖြစ်စေ ၊ ရှမ်းခေါက်ဆွဲ (ရေစိမ်ခေါက်ဆွဲ) ဖြစ်စေ ပြုတ်ပြီး ရွှေပဲရွက်လေးပါ ပြုတ် ထည့်ကာ အသင့်ပြင်ထားတဲ့ အဆာပလာများ ထည့်ပြီး သုံးဆောင်နိုင်ပါပြီ ။

LEAVE A REPLY

Please enter your comment!
Please enter your name here