ထိုင်းစတိုင်လ် ပဲပြား အသားကြော် ချဉ်ချဉ်စပ်စပ်လေး

0
65

ဒီတစ်ခါမှာတော့ အရသာချဉ်ချဉ်စပ်စပ်ကလေးနဲ့ စားလို့ကောင်းတဲ့ ထိုင်းစတိုင်လ် ပဲပြား အသားကြော်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

ပဲပြား ၄ တုံး
ကြက်သား (သို့) ဝက်သား (သို့) အမဲသား ၁၀၀ ဂရမ်
ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဟင်းသီးဟင်းရွက်ဆီ အနည်းငယ်
ကြက်သွန်နီ ၁ လုံး

စပါးလင် ၁ ချောင်း
ငရုတ်သီး ၃ တောင့်
ငါးငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
သံပုရာရည် စားပွဲတင်ဇွန်း ၂ ဇွန်း

သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
ရေ (သို့) ကြက်ပြုတ်ရည် ပန်းကန်လုံးအသေး တစ်ဝက်ခန့်

ပြုလုပ်နည်းအဆင့်ဆင့်

ပဲပြားတုံးကို အနေတော်အရွယ်အဆားတုံးပြီး ဆားဖြူးထားပေးပါ။ အသားကိုလည်း နုတ်နုတ်စင်းထားပြီး ကြက်သွန်နီ၊ စပါးလင်၊ ငရုတ်သီးတို့ကို ပါးပါးလှီးထားပါ။

ထို့နောက် ဒယ်အိုးကို အပူပေးပြီး ပဲပြားကို ၅ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ကြော်ပြီးသော ပဲပြားများကို ဆီစုပ်စက္ကူပေါ်တင်ထားပြီး ပိုလျှံနေသောဆီများကို ဖယ်ရှားလိုက်ပါ။

နောက်တစ်ဆင့်အနေနဲ့ ကြက်သွန်နီ၊ စပါးလင်၊ ငရုတ်သီးတို့ ထည့်ကြော်ပေးပါ။ စက္ကန့်အနည်းငယ်ကြာတာနဲ့ နုတ်နုတ်စင်းထားသော အသားများထည့်ကြော်ပေးလိုက်ပါ။ တစ်ဆက်တည်းမှာပဲ ရေ (သို့) ကြက်ပြုတ်ရည် အနည်းငယ်ထည့်ပါ။ ငါးငံပြာရည်၊ သံပုရာရည်၊ သကြားနဲ့ ဆားတို့ထည့်ကာ အပေါ့အငန် မြည်းပေးလိုက်ပါ။

ထို့နောက် ကြော်ထားသော ပဲပြားများကို အသားထဲထည့်ကြော်ပေးလိုက်ပါ။

ကြော်ထားသော ပဲပြားနှင့် အသားများကို ပန်းကန်ထဲပြောင်းထည့်ပြီး သံပုရာရည်အနည်းငယ် ညှစ်ထည့်လိုက်ပါ။ ဒါဆိုရင်တော့ အရသာချဉ်ချဉ်စပ်စပ်ကလေးနဲ့ စားလို့ကောင်းတဲ့ ပဲပြား အသားကြော်ဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။

LEAVE A REPLY

Please enter your comment!
Please enter your name here