ဗြိတိန်နိုင်ငံမှ အသက် ၈ နှစ်အရွယ် ပန်းချီဆရာလေးဟာ ဒေသတွင်းပန်းချီပြပွဲမှာ ဝင်ရောက်ပြသခွင့်ရခဲ့ပြီး ပန်းချီကားချပ်တွေပါ ရောင်းချနိုင်ခဲ့ပါတယ်။ ကီဗင်ကိုဗက်ဟာ ၅ နှစ်အရွယ်ကစပြီး ခဲပန်းချီ ဆွဲခဲ့တာပါ။ အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်းက ကမ်းရိုးတန်းမြို့တွေကို မိသားစုနဲ့အတူ အလည်အပတ်သွားတဲ့အခါ တွေ့ရတဲ့ မြင်ကွင်းတွေပါ ပုံကြမ်းရေးဆွဲလေ့ ရှိပါတယ်။

မိဘနှစ်ပါးလုံးက ဓာတ်ပုံပညာရှင်တွေဖြစ်လို့ ကီဗင်ကိုဗက်ဟာ ငယ်ငယ်ကတည်းက ဆန်းသစ်တီထွင်မှုနဲ့ အနုပညာကို အစဉ်အမြဲ ထိတွေ့ခွင့် ရခဲ့တာပါ။ ကီဗင်ကိုဗက် ရေးဆွဲထားတဲ့ပုံတွေကို မိခင်ဖြစ်သူက လူမှုကွန်ရက်ပေါ် တင်ခဲ့ပြီးနောက် သူ့လက်ရာတွေကို လူသိများလာခဲ့တာပါ။
ကီဗင်ကိုဗက်ဟာ ရှုခင်းတွေကို ဓာတ်ပုံရိုက်ပြီး အဲဒီဓာတ်ပုံကိုကြည့်ကာ ရေဆေးပန်းချီကားတွေ ရေးဆွဲလေ့ရှိပါတယ်။ ကီဗင်ကိုဗက်ရဲ့ တစ်ကိုယ်တော်ပန်းချီပြပွဲကို တက်ချီမော်ရစ်ပန်းချီပြခန်းမှာ ကျင်းပလျက်ရှိပြီး ဧပြီလ ၂၉ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။