နွေရာသီမှာ ရာသီဥတုက ပူလောင်၊ မီးကပျက်နဲ့မို့ စိတ်ညစ်ရတဲ့ကြားထဲ မိတ်တွေပါ ပေါက်လာလို့ ငိုချင်စိတ်ပေါက်နေပြီလား။ တကယ်တော့ နွေရာသီနဲ့ မိတ်ဆိုတာ ခွဲခြားလို့ရတဲ့အရာတောင် မဟုတ်ပါဘူးနော်။ မိတ်ဆိုတာ စိတ်ကသိကအောက်ဖြစ်စေနိုင်ပေမယ့် လူကို အန္တရာယ်မဖြစ်စေနိုင်ပါဘူး။
မိတ်ဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ ပူလို့ပါပဲ။ ပူတဲ့အခါမှာ ပြင်ပအပူချိန်နဲ့ လိုက်လျောညီထွေဖြစ်နိုင်ဖို့ ခန္ဓာကိုယ်က ချွေးထွက်စေပါတယ်။ ပုံမှန်ထက်ပိုပြီး ချွေးထွက်လာတဲ့အခါမှာတော့ ချွေးထုတ်ပြွန်လေးတွေက ပိတ်ဆို့သွားတတ်ပါတယ်။ ဒီအခါမှာ မိတ်ဖုလို့ခေါ်တတ်ကြတဲ့ အနီဖုလေးတွေ ထလာတတ်ပါတယ်။
မိတ်ဟာ ရာသီမရွေးဖြစ်ပွားတတ်ပေမယ့် အထူးသဖြင့် နွေရာသီမှာ ပိုအဖြစ်များတတ်ပါတယ်။ မိတ်ဖုအဖြစ်အများဆုံးနေရာတွေကတော့ ချွေးထွက်များတဲ့နေရာတွေဖြစ်တဲ့ မျက်နှာ၊ ဆံပင်ဖုံးနေတတ်တဲ့ လည်ပင်းအနောက်ဘက်၊ ပခုံးနဲ့ ရင်ဘတ်တွေပဲဖြစ်ပါတယ်။ လူကြီးလူငယ်မရွေးဖြစ်ပွားတတ်ပေမယ့် ချွေးထုတ်ပြွန်ကောင်းကောင်းမဖွံ့ဖြိုးသေးတဲ့ ကလေးအရွယ်တွေမှာ ပိုအဖြစ်များပါတယ်။ မိတ်ဆိုတာ ကူးစက်တတ်တဲ့အရာတော့ မဟုတ်ပါဘူးနော်။
မိတ်မဖြစ်အောင် ဘယ်လိုနေမလဲ
မိတ်ဆိုတာ ပူလောင်ပြီး ချွေးထွက်လို့ ဖြစ်တာ ဖြစ်တဲ့အတွက် အသားအရေကိုအေးမြအောင်ထားဖို့လိုပါတယ်။
-ပါးလွှာပြီး ချွေးစုပ်တဲ့ချည်ထည်လေးတွေ ဝတ်ဆင်ပါ။
-အိပ်ရာခင်းပါးပါးလေးတွေ အသုံးပြုပါ။
-ရေအေးအေးနဲ့ ရေချိုးပါ။
-ရေများများသောက်ပါ။
ဖြစ်ပြီးသားမိတ်ဖုလေးတွေကို သက်သာစေချင်ရင်တော့
-ရေအေးဝတ်ကို မိနစ် ၂ဝ လောက် ကပ်ပေးပါ။
-မိတ်ဖုတွေကိုမကုတ်ဘဲ လက်နဲ့ အသာလေးပုတ်ပေး၊ ပွတ်ပေးပါ။
-ရေမွှေးနံ့ပါတဲ့ ရေချိုးဆပ်ပြာတွေ၊ ခရင်မ်တွေ အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။