အိုဆာကာမြို့ အနောက်မြောက်ဘက် ဂျပန်ပင်လယ် ကမ်းရိုးတန်းမှာတည်ရှိတဲ့ San’in Kaigan ဘူမိဥယျာဉ် ယူနက်စကိုစာရင်းဝင် ဘူမိဥယျာဉ်တစ်ခုဖြစ်ပြီး ရင်သပ်ရှုမောဖွယ် မြင်ကွင်း၊ ဘူမိဗေဒဆိုင်ရာ ထူးခြားချက်တွေ တည်ရှိရာ နေရာတစ်ခုပါပဲ။

တော့တိုရီသောင်ခုံဟာ ဂျပန်နိုင်ငံရဲ့ အကြီးဆုံးသောင်ခုံဖြစ်ပြီး ကျောက်ဆောင်တွေနဲ့ ပင်လယ်ကြားမှာ တည်ရှိနေတာကြောင့် ဆောင်းရာသီကာလတွေဆိုရင် ဆီးနှင်း၊ သောင်ခုံ၊ ပင်လယ်ရေလှိုင်းတွေရဲ့ ဆုံမှတ်နေရာအဖြစ် အံ့အားသင့်ဖွယ် တွေ့ရှိရမှာပါ။
San’in Kaigan ဘူမိဥယျာဉ်ထဲမှာရှိတဲ့ တောင်စွယ်တွေ၊ သက်တမ်းရင့် ကျောက်ဆောင်ကျောက်သားတွေ၊ လှိုင်းတွန့်ပုံ သောင်ခုံတွေဟာ ကမ္ဘာ့မြေလွှာထု ရွှေ့လျားမှုနဲ့ သဘာဝအားတွေကြောင့် ကမ္ဘာကြီးရဲ့ စဉ်ဆက်မပြတ် ပြောင်းလဲမှုတွေကို ဖော်ပြနေတဲ့နေရာလည်း ဖြစ်ပါတယ်။