၁၉၉၀ ပြည့်နှစ် အစောပိုင်းမှာ ဂျပန်အင်ဂျင်နီယာ မာဆာဟီရိုဟာရာက စက်ရုံလုပ်ငန်းတွေ ကြုံနေရတဲ့ ပြဿနာတစ်ခုအကြောင်း စဉ်းစားရင်း အဖြေထုတ်ရ ခက်နေခဲ့တယ်။ အဲဒီပြဿနာကတော့ ဘားကုဒ် (barcode)ပါပဲ။ ဘားကုဒ်တွေက ဒေတာ များများစားစား မထည့်နိုင်သလို လုပ်ဆောင်ချက်ကလည်း နှေးကွေးလို့ အချိန်ပေးရပါတယ်။
နည်းပညာခေတ်မှာ ကမ္ဘာကြီးက အရှိန်အဟုန် ပိုမြင့်လာပေမဲ့ ဘားကုဒ်တွေက အဲဒီအရှိန်နောက်ကို မလိုက်နိုင်တဲ့ အနေအထားဖြစ်နေတာပါ။ တိုယိုတာကားကုမ္ပဏီရဲ့ အစိတ်အပိုင်းတွေကို ထုတ်လုပ်ပေးတဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ Denso Wave ကုမ္ပဏီမှာ အလုပ်လုပ်တဲ့ မာဆာဟီရိုဟာရာက ဘားကုဒ်ထက် ပိုကောင်းပြီး ပိုမြန်ဆန်တဲ့အရာတစ်ခုကို ဖန်တီးနိုင်ဖို့ ကြံဆနေခဲ့တာပါ။

ညနေခင်းတစ်ခုမှာတော့ ဂို(Go) ကစားရင်း အဖြူအနက် ကျောက်တုံးတွေရဲ့ ပုံသဏ္ဍာန်နဲ့ အဓိပ္ပာယ်ကို စဉ်းစားမိပြီး ဒေတာတွေကို အဲဒီလို ပုံသဏ္ဍာန်မျိုး သိမ်းဆည်းရင် ဖြစ်နိုင်မလားလို့ မာဆာဟီရိုက အကြံရသွားပါတယ်။
အဲဒီအကြံဟာ ကမ္ဘာကြီးကို သိသိသာသာ ပြောင်းလဲသွားစေခဲ့တဲ့ QR code ဖြစ်ပေါ်လာခြင်းရဲ့ အစပါပဲ။ အချက်အလက်ပေါင်းများစွာကို သိမ်းဆည်းထားနိုင်သလို ဘယ်လို တိမ်းစောင်းနေပါစေ Scan ဖတ်လို့ရတဲ့ QR code ဟာ လူတွေရဲ့နေ့စဉ်ဘဝမှာ သိသိသာသာ အရေးပါလာခဲ့ပါတယ်။