စိတ်ဖိစီးမှုက အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေနိုင်တယ်ဆိုပေမယ့် စိတ်ဖိစီးမှုကို ပြေလျော့စေမယ့် အကောင်းဆုံး နည်းလမ်းက ပြည့်ဝလုံလောက်တဲ့ အိပ်စက်မှုပါ။ စိတ်ဖိစီးမှုက နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်တာကြောင့် စိတ်ဖိစီးနေချိန်မှာ ကောင်းကောင်း အိပ်ပျော်စေဖို့ ဒီနည်းလမ်းလေးတွေကို စမ်းကြည့်သင့်ပါတယ်။
ဆုံးဖြတ်ချက် ချပါ
စိတ်ဖိစီးစရာတွေကို အိပ်ရာမဝင်ခင်မှာ မတွေးတော့ဖို့ ဆုံးဖြတ်ချက်ချပါ။ တစ်နေ့တာလုံး ရင်ဆိုင်ထားရတဲ့ စိတ်ဖိစီးမှုကို အိပ်စက်မှုနဲ့ ဝေးဝေးမှာ ထားနိုင်ဖို့ လိုပါမယ်။ ဒါမှ ကောင်းမွန်ပြည့်ဝတဲ့ အိပ်စက်မှုကို ရရှိမှာပါ။ ဒါကြောင့် မအိပ်ခင်မှာ စိတ်ဖိစီးမှု ဖြစ်စေတဲ့အရာတွေကို ချရေးလိုက်ပါ။
သပ်ရပ်စွာ နေထိုင်ပါ
စိတ်ဖိစီးတဲ့အခါ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုမစိုက်တာ၊ ရှုပ်ပွညစ်ပေအောင် နေထိုင်ခြင်းက စိတ်ဖိစီးမှုကို ပိုဆိုးစေပါတယ်။ ဒါကြောင့် စိတ်ဖိစီးနေရင်တောင်မှ အိမ်ကို သန့်သန့်ရှင်းရှင်း ထားပါ။ အသုံးအဆောင်တွေကို သပ်သပ်ရပ်ရပ် ထားပါ။ တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ။ ဒီလို လုပ်တာက စိတ်ခံစားမှု ကောင်းစေပါတယ်။
တရားထိုင်ပါ
တရားထိုင်တာက စိတ်ဖိစီးမှုကို ပြေလျော့စေပြီး အိပ်ရေး ဝဝအိပ်ပျော်စေပါတယ်။
ကျေးဇူးတင်ပါ
ကျေးဇူးတင်ထိုက်တဲ့ သူတွေ၊ ကျေးဇူးတင်ရမယ့် အရာတွေကို ကျေးဇူးတင်တာက စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်တဲ့ အလေ့အထ တစ်ရပ်ပါ။ ဒါကြောင့် တစ်နေ့တာမှာ ကျေးဇူးတင်တတ်တဲ့အလေ့အထလေး ရှိစေဖို့ မွေးမြူပါ။
စိတ်ကို လေ့ကျင့်ခန်း လုပ်စေပါ
Mind puzzles ကစားတာမျိုးက စိတ်ကို ပူပန်မှုတွေကနေ လွတ်မြောက်စေပြီး အိပ်ရေးပျက်တာ၊ အိပ်ရေးမဝတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။
စိတ်အရမ်းဖိစီးနေရင် အကောင်းဆုံး ဖြေရှင်းနည်းက အိပ်စက်တာပါ။ စိတ်ဖိစီးနေရင်တောင် အိပ်လိုက်ပါဆိုတာက ဘာကြောင့်ပြောရတာလဲဆိုတာကို သိလောက်ပြီ ထင်ပါတယ်။ စိတ်ဖိစီးနေပေမယ့် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ပြီး ကောင်းမွန်တဲ့ အနာဂတ်နေ့ရက်တွေကို ဖန်တီးဖို့ဆိုရင် ပြည့်ဝလုံလောက်တဲ့ အိပ်စက်ချိန် ရှိအောင် ဂရုစိုက်ပါ။