အသက် ၂၁ နှစ်အရွယ် အမေရိကန်အဆိုတော်မလေး Olivia Rodrigo ဟာ သူ့ရဲ့ Guts World Tour က ရရှိတဲ့ အမြတ်ငွေတွေထဲကနေ ဒေါ်လာ ၂ သန်းကျော်ကို အမျိုးသမီးပရဟိတအဖွဲ့တွေဆီ လှူဒါန်းဖို့ စီစဉ်ထားပါတယ်။ သူဟာ အမျိုးသမီးတွေရဲ့မျိုးပွားမှုဆိုင်ရာအခွင့်အရေး၊ သေနတ်နဲ့ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနဲ့ ငယ်ရွယ်တဲ့မိန်းကလေးတွေပညာသင်ကြားနိုင်ဖို့ ပံ့ပိုးပေးတဲ့ ကမ္ဘာ့တဝှမ်းက အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်း ၁၀ ခုကို ရွေးချယ်ထားပါတယ်။
Billboard က စာရင်းပြုစုထားတဲ့ အဲ့ဒီပရဟိတအဖွဲ့အစည်းတွေကတော့ the US’ National Network of Abortion Funds၊ Canada’s Women’s Shelters၊ Europe’s Women Against Violence Europe၊ Thailand’s the Pratthanadee Foundation၊ South Korea’s Korea Foundation For Women၊ Hong Kong’s Harmony House Limited၊ Singapore’s Aidha, Japan’s NPO Women’s Saya-Saya၊ Australia’s Wesnet၊ the Philippines’ Jhpiego တို့ပါပဲ။
မကြာသေးခင်ကမှ အိုလီဗီယာဟာ ဖိလစ်ပိုင်နိုင်ငံမှာ ပြုလုပ်တဲ့ သူ့ရဲ့ပွဲဦးထွက်ဖျော်ဖြေရေးက ရရှိတဲ့ အမြတ်ငွေတွေအားလုံးကို အမျိုးသမီးကျန်းမာရေးပရဟိတအဖွဲ့အစည်း Jhpiegoကို လှူဒါန်းခဲ့ပါသေးတယ်။
ဖိလစ်ပိုင်သွေးနှောလည်းဖြစ်တဲ့သူဟာ အဲ့ဒီဖျော်ဖြေပွဲကို အောက်တိုဘာ ၅ ရက်နေ့က Philippine Arena မှာ ပြုလုပ်ခဲ့တာပါ။ ရှိုးပွဲပြီးတော့ သူဟာ ပွဲကရရှိတဲ့ အမြတ်ငွေအားလုံးကို လှူဒါန်းသွားမယ်လို့ အင်စတာဂရမ်ကတဆင့်ပြောခဲ့တာပါ။အခုလိုလှူဒါန်းခဲ့တဲ့ အိုလီဗီယာကို အမျိုးသမီးကျန်းမာရေးပရဟိတအဖွဲ့အစည်း Jhpiegoကလည်း ကျေးဇူးတင်ကြောင်း ပြသခဲ့ပါသေးတယ်။