၂၀၁၇ ခုနှစ်ရဲ့ Baby Driver ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ ဆယ်ကျော်သက်မင်းသား ဟူဒ်ဆန် ဂျိုဆက် မီခ်ဟာ ရွေ့လျားယာဉ်ပေါ်ကနေ ပြုတ်ကျပြီး သေဆုံးသွားခဲ့ပါတယ်။ သူ သေဆုံးချိန်မှာ အသက် ၁၆ နှစ်ရှိပါပြီ။
ဒီဇင်ဘာ ၁၉ ရက်နေ့က ပြုတ်ကျပြီး ထိခိုက်ဒဏ်ရာရကာ UAB Hospital မှာ ကုသမှုခံယူခဲ့ပေမဲ့ ၂ ရက်အကြာ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ သေဆုံးသွားခဲ့တယ်လို့ အခုရက်ပိုင်းကျမှ သတင်းတွေမှာ ဖော်ပြပါတယ်။

သူ့မိသားစုတွေက သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ “ဟူဒ်ဆန် မီခ်ဟာ ယေရှုနဲ့တွေ့ဖို့သွားပြီလို့ ပြောပြရမှာ ကျွန်တော်တို့ စိတ်နှလုံးကြေကွဲရပါတယ်။ ကမ္ဘာမြေပေါ်မှာ ၁၆ နှစ်တာဆိုတာက တိုတောင်းလွန်းပါတယ်။ သူ အောင်မြင်ခဲ့ပြီး သူနဲ့ တွေ့ဆုံသူတိုင်းအပေါ် သိသိသာသာလွှမ်းမိုးမှုရှိခဲ့ပါတယ်”လို့ ပို့စ်တင်ထားပါတယ်။
ဟူဒ်ဆန်က ၂၀၁၄ ခုနှစ်မှာ The Santa Can ဇာတ်ကားမှာ စသရုပ်ဆောင်ခဲ့တာပါ။ ၂၀၁၇ ခုနှစ်ရဲ့ Baby Driver ဇာတ်ကားမှာ မင်းသား အန်ဆယ် အီလ်ဂေါ့တ်ရဲ့အငယ်ဇာတ်ကောင်အဖြစ် ပါဝင်ခဲ့ပြီးတော့ လူသိလာခဲ့ပါတယ်။ သူနောက်ဆုံးပါဝင်ထားတာက ၂၀၂၄ ခုနှစ်ရဲ့ The School Duel ဇာတ်ကားပါပဲ။